ဝတဲ့လူတွေ သတိထားရမယ့် ခြေထောက်သွေးကြော ပိတ်တဲ့ရောဂါ
လူအများစုက နှလုံးသွေးကြောကျဥ်းတာ၊ ပိတ်တာကိုသာ သတိထားကြ၊ ကြောက်တတ်ကြပြီး ခြေထောက်သွေးကြောပိတ်တဲ့ ရောဂါအကြောင်းကိုတော့ သိပ်မသိကြပါဘူး။
ခြေထောက်သွေးကြောပိတ်တဲ့ ရောဂါကို Peripheral Artery Disease (PAD) လို့ ခေါ်ပါတယ်။ သွေးကြောတွေက ကျဥ်းလာကာ ခြေထောက်နဲ့ လက်ကို သွေးစီးဆင်းမှု နည်းသွားလို့ ဖြစ်တဲ့ ရောဂါဖြစ်ပြီး ခြေထောက်မှာ လုံလောက်တဲ့ ပမာဏရောက်အောင် သွေးစီးဆင်းမှု မရှိတတ်လို့ ရောဂါလက္ခဏာ ပိုဆိုးနိုင်ပါတယ်။
သွေးကြောပိတ်ရတဲ့ အကြောင်းရင်း…
ခြေထောက်သွေးကြောပိတ်တာဟာ နှလုံးသွေးကြောပိတ်တာလိုပဲ သွေးကြောထဲမှာ အဆီနဲ့ ကိုလက်ထစရောပါတဲ့ အနည်တွေကပ်တွယ် စုပုံလာတာကြောင့် ဖြစ်ပြီး Arthrosclerosis ဖြစ်တယ်လို့ ခေါ်ပါတယ်။ Arthrosclerosis ဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေမှာ ဖြစ်နိုင်ပြီး ခြေ၊ လက်တွေမှာ ဖြစ်တာကို Peripheral Artery Disease လို့ ခေါ်တာပါ။
အဆီနဲ့ ကိုလက်စထရောတွေကြောင့် အပြင် သွေးကြောတွေ ရောင်ရမ်းတာ၊ ခြေလက်တွေမှာ ထိခိုက်ဒဏ်ရာရတာ၊ ဓာတ်ရောင်ခြည် ကုသမှု ခံယူဖူးတာတွေကြောင့်လည်း သွေးကြောပိတ်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲ?
- ဆေးလိပ်သောက်သူ
- ဆီးချိုရောဂါရှိသူ
- သွေးတိုးရှိသူ
- သွေးတွင်းကိုလက်စထရောများသူ
- အသက် ၆၅ နှစ်အထက် လူကြီးတွေ
- မိသားစုထဲမှာ သွေးကြောပိတ်ရောဂါ ဖြစ်ဖူးသူ
- သွေးထဲမှာ Homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် များနေတဲ့သူ
- အဝလွန်သူ (BMI 30 အထက်ရှိသူ) တွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာများ…
တချို့မှာ ရောဂါလက္ခဏာ လုံးဝမပြတာ ရှိနိုင်သလို အပျော့စား လက္ခဏာတွေပဲ ခံစားရတာလည်း ဖြစ်နိုင်ပါတယ်။
- လမ်းလျှောက်တဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေနာ၊ ကြွက်တက်ချင်သလို ဖြစ်ပြီး နားလိုက်ရင် သက်သာသွားတာ၊ တင်ပခွက်တွေပါ နာနေတတ်တာ
- ခြေထောက်က ထုံနေတာ၊ အားကုန်နေသလို ဖြစ်တာ
- ဖြစ်တဲ့ခြေထောက်က တခြားတစ်ဖက်နဲ့ ယှဥ်ရင် အေးနေတာ
- ခြေထောက်မှာရော၊ ခြေဖမိုးမှာပါ သွေးခုန်နှုန်းက အားနည်းနေတာ သို့မဟုတ် စမ်းမရတာ
- ခြေထောက်က အမွှေးမပေါက်ဘဲ ပြောင်တင်းနေတာ
- အရေပြားက အရောင်ပြောင်းနေတာ (ညိုမည်းလာတာ)
- ခြေသည်းတွေ အရှည်နှေးလာတာ
- ခြေထောက်မှာ အနာဖြစ်လွယ်ပြီး အနာမကျက်တာတွေက ရောဂါလက္ခဏာတွေပါ။ ပ်ုဆိုးလာတဲ့အခါ နားနေစဥ်မှာပါ ခြေထောက်က မခံမရပ်နိုင်အောင် နာလာတတ်ပြီး အိပ်မရသည်ထိ ဖြစ်တတ်ပါတယ်။
ခြေထောက်က သွေးမလျှောက်တော့ဘဲ တစ်ရှူးတွေ သေသွားပြီး ခြေထောက်ဖြတ်ထုတ်ရတတ်တာ၊ နှလုံးနဲ့ ဦးနှောက်သွေးကြောတွေပါ ပိတ်ပြီး လေဖြတ်တာ၊ နှလုံးအမောဖောက်တာတွေက PAD ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။
ကုသနိုင်မယ့် နည်းလမ်းများ
ကုသမှုအနေနဲ့ ရောဂါပြင်းထန်မှု အခြေအနေပေါ် မူတည်ပြီး…
- သွေးခဲပျော်တဲ့ဆေး (Aspirin, Clopidrogel) ၊ သွေးတွင်းအဆီကျတဲ့ဆေး (Statin အုပ်စုဝင်ဆေးတွေ)၊ လမ်းကောင်းစွာလျှောက်နိုင်မယ့်ဆေး (Cilostazol, Pentoxifylline) နဲ့ သွေးတိုးကျဆေးတွေ ပေးတာ
- နေထိုင်စားသောက်မှုပုံစံ ပြောင်းတာ (အဆီအစိမ့်နဲ့ အချိုအငန်တွေ လျှော့ပြီး အသီးအရွက်များများစားတာ၊ နေ့စဥ် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ)
- ခွဲစိတ်ပြီး ပိတ်နေတဲ့ သွေးခဲကို ဖယ်ထုတ်တာ၊ သွေးကြောကို ဖြတ်ထုတ်ပြီး အစားထိုးတာ
- အခြေအနေ အရမ်းဆိုးနေရင် အသက်အန္တရာယ် ရှိနိုင်တာမို့ ခြေထောက်ကို ဖြတ်ထုတ်တာတွေ လုပ်လေ့ရှိပါတယ်။
ဘယ်လို ကာကွယ်မလဲ?
- ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ပါ။
- ဆေးလိပ်ဖြတ်ပါ။
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပါ။ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းပါ။
- ကိုယ်အလေးချိန် ထိန်းပါ။
- နေ့စဥ် ကိုယ်လက်လှုပ်ရှားပါ။
- အဆီအစိမ့်နဲ့ အချိုတွေ ရှောင်ပါ။
- သွေးတွင်း ကိုလက်စထရောတွေ မတက်အောင် ဂရုပြုပါ။
ခြေထောက်သွေးကြောပိတ်တာဟာ နှလုံးသွေးကြောမှာလည်း ပိတ်နေနိုင်တဲ့ ရောဂါပါ။ ဂရုတစိုက် မကုသရင် အချိန်မရွေး လေဖြတ်ပြီး၊ နှလုံးကြွက်သားပုပ်ပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါဖြစ်တာမို့ မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံးပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်